Tuesday, April 5, 2016

ဝိဇ္ဇာဆိုတာ

   ကရင်ပြည်နယ်
တောင်ကလေးဆရာတော်(တောမှီရဟန်း)
ရေးသားပြုစုသော ဗုဒ္ဓဂုဏ်တော်နှင့်ကိုယ်တွေ့ဖြစ်ရပ်ဆန်းစာအုပ်မှ...
"ဝိဇ္ဇာဆိုတာ" ဆောင်းပါး။
~~~~~~~
။ နံနက်ခင်းအချိန်ဖြစ်လို့ ကျိုက်ထီးရိုးစေတီ ရင်ပြင်တော်ပေါ်က မြင်ရတဲံ ရှုခင်းဟာ အလွန်ရှင်းလင်းနေပါတယ်။ ကြည်နူးစရာလည်းကောင်းပါတယ်။ အနောက်ဘက်တစ်ခွင်ကို ကြည့်လိုက်လို့ ရာသီဥတုလည်း ကြည်ကြည်လင်လင် ဖြစ်နေမယ်ဆိုရင် ပဲခူးရွှေမော်ဓော စေတီတော်မြတ်ကြီးကိုတောင် မြင်နိုင်၊ ကြည်ညိုနိုင်ပါတယ်။

 ။ ကျိုက်ထီးရိုးတောင်တစ်ခွင်လုံးမှာရှိတဲ့အခြားစေတီတော်မြတ်တွေကိုလည်းဖူးမြော်ကြည်ညိုနိုင်ပါသေးတယ်။တောင်ရဲ့မြောက်ဘက် ၂ မိုင်၊၄ဖာလုံခန့်အကွာမှာဆိုရင်ကျေက်ထပ်ကြီးစေတီတော်မြတ်ရှိပါတယ်။ စေတီတော်ကြီးရဲ့ အောက်ခံမှာ ကျောက်တုံးကြီးတစ်တုံးနဲ့ အမာခံယူထားပါတယ်။ အပေါ်မှာတော့ ရှည်လျားတဲ့ ကျောက်တုံးကြီးတစ်တုံးက ထပ်ပြီးတည်နေပါတယ်။ အဲဒီအပေါ်မှာ
စေတီတော်မြတ်နှစ်ဆူတည်ထားပါတယ်။

။ ဒီနေရာကနေမြောက်ဘက်ကို ၁ မိုင်သာသာလောက် သွားရင် ကျောက်အစွန်းပေါ်မှာ နဂါးလိုလို၊ ဖားလိုလို ကျောက်တုံးပေါ်က စေတီတစ်ဆူ တည်ထားကြတယ်။ စေတီတော်ကို နဂါးစေတီ၊ ဖားစေတီလို့ ဘွဲ့အမည်ပေးထားပါတယ်။ အဲဒီနေရာကနေ ဆက်သွားရင် အစွန်ဆုံး ကျိုက်ဆီယိုစေတီထိ ရောက်သွားနိုင်ပါတယ်။

။ နံနက်ဆွမ်းခံပြီး ဆွမ်းဘုဉ်းပေးပါတယ်။ ဆွမ်းကိစ္စပြီးတဲ့ အခါ ကျီးကန်းပါးစပ်ဘက်ကို သွားပါတယ်။ ကျီးကန်းပါးစပ်မှာတွေ့ကြရအောင်လို့ ချိန်းထားတဲ့ အဘိုးအိုတစ်ယောက်ကို သွားပြီးစောင့်တာပါ။ အဘိုးနဲ့မတွေ့ပါ။အနီးအနားမှာ ရှာကြည့်တော့လည်း အရိပ်အယောင်တောင်မမြင်ရပါ။
အရှင်တစ်ပါးတည်း စေတီကုန်းမြင့်ပေါ်ကို ပြန်တက်လာခဲ့ပါတယ်။
တန်ဆောင်းအောက်မှာ ထိုင်ပြီးနားပါတယ်။ ဘုရားဖူးဧည့်သည်တွေ များလာတဲ့အခါ လူနည်းတဲ့ စေတီတော်ကြီးရဲ့မြောက်ဘက် ကျောက်ထပ်ကြီး စေတီရှိရာလမ်းအတိုင်းဆင်းခဲ့တယ်။

။လျှိုမြောင်တစ်နေရာမှာ ထိုင်နားပြီး တရားအလုပ် လုပ်ပါတယ်။
သစ်ရိပ်ဝါးရိပ်ကြားမှာ စိတ်ချမ်းသာအောင် တရားဓမ္မနဲ့ အဖော်ပြုရတာ အလွန်အေးမြလှပါတယ်။ဖြစ်ပျက်နေတဲ့ ရုပ်ဓါတ်အစုတွေကို မြင်အောင်ကြည့်ရင်း သံဝေဂယူနေမိပါတယ်။ အရသာတွေထဲမှာ တရားရဲ့အရသာဟာ အမွန်မြတ်ဆုံးပဲ။
အကောင်းဆုံးပဲ မဟုတ်ပါလား။

။ အရှင်တစ်ပါးတည်းတရားထိုင်မှတ်ရင်း နေ့လယ် ၁၂ နာရီထိုးသွားခဲ့ပါတယ်။
စေတီကုန်းမြင့်ပေါ်ကို ပြန်တက်ခဲ့ပါတယ်။ စေတီတော် တန်ဆောင်းအောက်မှာ ထိုင်ပြီးနားပါတယ်။
အဲဒီအချိန်မှာ ရှာတုန်းကမတွေ့တဲ့ အဘိုးအိုကို မမျှော်လင့်ပဲတွေ့လိုက်ရပါတယ်။

" ဒါယကာကြီး ကျီးကန်းပါးစပ်ကို ဘာဖြစ်လို့ မလာတာလဲ၊ မနေ့က အသေအချာ ပြောထားပြီးတော့ "

" အရှင်ဘုရားကို သတိရပါတယ်၊ မုဆိုးတောင်ဘက်ကို ရောက်သွားလို့ပါ၊ အခုပြန်ရောက်ချင်း လာခဲ့တာပဲ "

" ဒီနေ့ မနေ့က ပြောခဲ့တဲ့ကိစ္စ အမှတ်ရသေးလား "

" တင်ပါ့ဘုရား၊ အရှင်ဘုရား သိချင်တာမေးပါ ဘုရား၊ ကြားဖူးနားဝ ဉာဏ်မီသလောက် ဖြေပါ့မယ် "

" တစ်ခြားမဟုတ်ပါဘူး၊ ၀ိဇ္ဇာပုဂ္ဂိုလ်ဆိုတာ တကယ်ရှိ , မရှိ ၊ ရှိရင်လည်း ဘယ်မှာနေကြသလဲ၊ ဘာလုပ်ကြသလဲ သိချင်တာပါ "

" ၀ိဇ္ဇာဆိုတာ အတတ်ပါပဲအရှင်ဘုရား၊ လူတိုင်းမှာ တစ်ခုကောင်းစွမ်းရည်ဆိုတာ ရှိသလို အတတ်တစ်ခုခုတော့လည်း တတ်ကြစမြဲပါပဲ။ ၀ိဇ္ဇာမှာ နာမ်ပိုင်းဆိုင်ရာ ၀ိဇ္ဇာပုဂ္ဂိုလ်၊ ရုပ်ပိုင်းဆိုင်ရာ ၀ိဇ္ဇာပုဂ္ဂိုလ်ရယ်လို့ ခွဲခြားရမယ်ထင်ပါတယ်။ တစ်ချို့ က နာမ်ပိုင်းဆိုင်ရာမှာ အတတ်ကို ကျွမ်းကျင်ကြပါတယ်"

" ခုခေတ်သိပ္ပံပညာရှင်၊ အဂ္ဂိရတ်ပညာရှင်၊ ဆေးပညာရှင်၊ သံပညာရှင်၊ ပြဒါးပညာရှင်တွေဟာ ရုပ်ပိုင်းဝိဇ္ဇာတွေပါပဲ။
နာမ်ပိုင်းဝိဇ္ဇာပုဂ္ဂိုလ်တွေကတော့ အင်မတန်ရှားပါးလှပါတယ်။
နာမ်ပိုင်းဆိုင်ရာ ၀ိဇ္ဇာပုဂ္ဂိုလ်ဖြစ်ဖို့ဟာ အလွန်ခက်ခဲလှပါတယ်။
ဉာဏဒဿနဗေဒအမြင်နဲ့ပြောရရင် ကျင့်နည်းထဲကရတဲ့ အတတ်အားလုံးဟာ ဓမ္မ၀ိဇ္ဇာစစ်စစ်ဖြစ်ပါတယ်။
ပယောဂဆရာ၊ စုန်းဆရာ၊ နတ်ဆရာတွေက ဓမ္မ၀ိဇ္ဇာထဲမှာ မပါပါဘူး "

" အဲဒီဓမ္မ၀ိဇ္ဇာတွေဟာ မြန်မာပြည်မှာ ရှိပါ့မလား "

" ရှိပါတယ် "

" ပုဂ္ဂိုလ်အမည်နဲ့ ဒါယကာကြီးမသိဘူးလား "

" တိတိကျကျ ပြောနိုင်ဖို့ ခက်ပါတယ်၊ အရိယသစ္စဓမ္မနဲ့ညီတဲ့ ဆရာတော်ကြီးတွေတော့ ရှိပါတယ် "

" ဖိုထိုး၊ အင်းမျို၊ စမချ၊ မန္တန်စုတ်၊ ဗေဒင်တွက်၊ နက္ခတ်ကြည့်တဲ့သူတွေကော ဓမ္မ၀ိဇ္ဇာ မဟုတ်တဲ့သူတွေလား "

" အဲဒီလိုလည်း မဟုတ်ပါဘူး၊ ဓမ္မ၀ိဇ္ဇာလမ်းစဉ်ကနေ တက်ကြရတာချည်းပါပဲ၊ ဗုဒ္ဓအဘိဓမ္မာထဲက ကမ္မဋ္ဌာန်းတစ်ပါးပါးကို ယူပြီး လောကီကိစ္စ၊ လောကုတ္တရာကိစ္စ ပြီးစီးအောင်မြင်နိုင်တဲ့အထိ ကျင့်ယူရတာပါပဲ "

" ဒါယကာကြီးပြောပြတဲ့ ၀ိဇ္ဇာအကြောင်းကတော့ တော်တော်လေးပြည့်စုံပါတယ် "

" ဒီအကြောင်းတွေကိုပြောနေတဲ့ ဒါယကာကြီးကတော့ ပင်ပန်းမှုတွေ ပျောက်ကင်းကုန်တယ်နဲ့ တူတယ်။ အသွင်ဏ္ဌာန်ဟာ တက်ကြွမှုနဲ့ ရွှင်မြူးနေပါတယ်"

" ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးကတော့ ၀ိဇ္ဇာငါးမျိုးရှိတယ်လို့ဆိုပါလား ဒါယကာကြီး "

အရှင်က စောဒကတက်ရင်း ဒါယကာကြီးကို စကားပြန်ဆက်ပါတယ်။ ပြီးတော့ ဆရာတော်ကြီးရဲ့ ၀ိဇ္ဇာမဂ္ဂဒီပနီကျမ်းထဲက ၀ိဇ္ဇာအကြောင်းတွေကို ပြောပြပါတယ်။

ဝိဇ္ဇာငါးမျိုး
~~~~~~

ဝေဒ၀ိဇ္ဇာ၊ မန္တ၀ိဇ္ဇာ၊ ဂန္ဓာရီဝိဇ္ဇာ၊လောကီယ၀ိဇ္ဇာ၊ အရိယ၀ိဇ္ဇာ ဟုရှိသည်။

(၁) ဝေဒ၀ိဇ္ဇာ ဆိုသည်မှာ သာမဗေဒင်၊ ယဇုဗေဒင်၊ ဣရုဗေဒင်၊ အာတပ္ပန ဗေဒင်ဟူသော ဗေဒင်လေးမျိုးကို ကျွမ်းကျင်တဲ့သူတွေကို ခေါ်တာပါ။

(၂) အမျိုးမျိုးသော လက္ခဏကျမ်း၊ အမျိုးမျိုးသော နိမိတ်ကျမ်း၊ အမျိုးမျိုးသောနက္ခကျမ်း၊ အမျိုးမျိုးသောဂါထာမန္တန်ကျမ်း၊ ဆေးကျမ်း၊ ဓါတ်ကျမ်း အစရှိသော လောကီပညာဟူ၍ ယခုလောက၌ ခေါ်ဝေါ်နေကြသော အတတ်မျိုးဟူသမျှကို မန္တ၀ိဇ္ဇာလို့ ခေါ်ပါတယ်။

(၃) အင်းဝိဇ္ဇာ၊ ပြဒါးဝိဇ္ဇာ၊ သံဝိဇ္ဇာဟူ၍ ၀ိဇ္ဇာဓရကျမ်းများ၌ လာသော ဓနသိဒ္ဓိ၊ ပထ၀ီသိဒ္ဓိ၊ ဥဒကသိဒ္ဓိ၊ အာကာသသိန္ဓိ၊ အာယုသိဒ္ဓိ၊ ၀ိဇ္ဇာမယသိဒ္ဓိမျိုးသို့ ပေါက်ရောက်ခြင်းဖြင့် နတ်သိကြားတို့၏ တန်ခိုး၊ အဘိဉာဏ်တန်ခိုးတို့နှင့် အလားတူတတ်နိုင်စွမ်းသော ၀ိဇ္ဇာမျိုးကို ဂန္ဓာရီဝိဇ္ဇာ လို့ ခေါ်ပါတယ်။

` စိန္တာမယဣဒ္ဓိ၊ ၀ိဇ္ဇာဓိုရ်- အထူးထူး အပြားပြားသော သေနာ ဗျူဟမ္ပိ၊ စစ်သည်ဗိုလ်ထု၊ အစု အရုန်း၊ အလုံးအရင်း ကိုလည်း၊ ဒေဿ န္တိ - ဖန်ဆင်း၍ ပြနိုင်ကုန်၏။ အယံ - ဤသည်လျှင်၊ စိန္တာမယာဣဒ္ဓိ - ကြံစည်တိုင်း ပြီးစေနိုင်သော စိန္တာမယ တန်ခိုးမည်၏ `

ဂန္ဓာရီဝိဇ္ဇာဖြစ်နည်းက ယခုအခါတွင် ဤဂန္ဓာရီ ၀ိဇ္ဇာလမ်းကို ရလိုသောသူသည် ရတနာသုံးပါဂုဏ်ကို မိမိကိုယ်၌ အမြဲထုံစေ၍ တန်ခိုးကြီးသောတောစောင့်နတ်၊ တောင်စောင့်နတ်၊ ရုက္ခဋ္ဌ၊ ဘူမဋ္ဌ၊ ပဗ္ဗတဋ္ဌ နတ်တို့ကိုလည်းကောင်း၊ သိုက်သမိုင်းဝင် ဆေးပင်မျိုး၊ ကျောက်ဓာတ်မျိုးတို့ကို အုပ်စိုးသော သြသဓိဒေ၀နတ်တို့ကိုလည်းကောင်း၊ ဤအလုံးစုံသော နတ်တို့ကို ရင်ဝယ်သားကဲ့သို့သနား ချစ်ခင်၊ ကျွမ်းကျင်လေးမြတ်အောင် မိတ်သဟာပြုမှသာ ထမြောက်နိုင်ပါသည်။

ဂန္ဓာရီဝိဇ္ဇာဆိုတာ နတ်တွေရဲ့ ကမ္မ၀ိပါက ဇိဒ္ဓိတန်ခိုးကိုတောင် လွှမ်းမိုးနိုင်လို့ နတ်တွေက မနာလိုဖြစ်ပြီး အသက်အန္တရာယ်၊ ဆေးဝါးအန္တရာယ် ဖြစ်တတ်တယ်လို့ ဆိုပါတယ်။

(၄) လောကီယ၀ိဇ္ဇာဆိုသည်မှာ သာသနာပအခါ၌ သရဘင်္ဂ၊ သုနေတ္တ၊ အရက အစရှိသော ရသေ့ဆရာကြီးတွေဟာ ကသိုဏ်းဈာန်ကိုရပြီး နိုင်နင်းပြီးနောက် တစ်ဖန် အားထုတ်လို့ရတဲ့ ဣဒ္ဓိဝိဓ အဘိညာ၊ ဒိဗ္ဗစက္ခု အဘိညာ၊ ဒိဗ္ဗသောတ၊ စေတောပရိယ၊ ပုဗ္ဗေနိဝါသ၊ ယထာကမ္မုပဂ၊ အနာဂတံသ အဘိညာဆိုတဲ့ အဘိညာဝိဇ္ဇာတို့ကို ဆိုလိုပါတယ်။

အဲဒီဝိဇ္ဇာမျိုးတွေကတော့ ဘုရား၊ ပစ္စေကဗုဒ္ဓါနဲ့ အရိယာသာဝကတွေနဲ့လည်း ဆက်ဆံရတတ်ပါတယ်။ဘုရား၊ ပစ္စေကဗုဒ္ဓါနဲ့ အရိယာ သာဝကတို့မှာသာ ရအပ်တဲ့ ၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါးတို့မှာ အကျုံးဝင်ပါတယ်။

(၅) အရိယာဝိဇ္ဇာကတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ မဂ္ဂ၊ ဖလ တို့ကိုဆိုလိုပါတယ်။ စတုသစ္စ ဥာဏ်လေးပါးတို့ကို ကျွမ်းကျင်ထိုးဖောက် သိမြင်နိုင်တဲ့သူတွေကို ဆိုလိုပါတယ်။ အရိယာဝိဇ္ဇာဖြစ်နိုင်တဲ့ ပဓာနိယင်္ဂ အင်္ဂါ ၅ ပါးရှိပါတယ်။

၁။ ဘုရား၌ ယုံကြည်ခြင်း၊

၂။ ကိုယ်လက်အင်္ဂါ ကျန်းမာကြံ့ခိုင်ခြင်း။

၃။ ၀မ်းတွင်းနှလုံး ဖြောင့်စင်းခြင်း။

၎။ ၀ီရိယထက်သန်ခြင်း။

၅။ ရုပ်နာမ်တို့ကို ဖြစ်ပွားမှု၊ ချုပ်ကွယ်မှုတို့၌ ဥာဏ်စူးရှခြင်း၊ ဒီအင်္ဂါငါးပါးနဲ့ ပြည့်စုံတဲ့သူဟာ အရိယာဝိဇ္ဇာကို ယခုဘ၀၊ မျက်မှောက်ဘ၀ ပေါက်ရောက်ထမြောက်နိုင်တယ်လို့ ပဉ္စဂုင်္တ္တရ ပါဠိတော်မှာ ဟောခဲ့ပါတယ်။

ပဓာနိယင်္ဂဆိုတာ အရိုးပဲကျန်ကျန်၊ အသားပဲ ကျန်ကျန်၊ အရေအကြော အကုန်လုံးခြောက်ခန်း ကုန်လွန်ပါစေ၊ မပေါက်ရောက် မအောင်မြင်သမျှ ငါမလျှော့ဘူးဆိုတဲ့ အင်္ဂါလေးပါးနှင့် ပြည့်စုံသော ၀ီရိယကို ပဓာနလို့ ခေါ်ပါတယ်။ ထိုပဓာနမှုကို ပြုတဲ့သူလည်း မဓာနိယ မည်ပါတယ်။

ဒါယကာကြီးနဲ့ အရှင်တို့ တွေ့ဆုံဆွေးနွေးပွဲဟာ အတန်ကြာသွားပါတယ်။

အရှင် ။ ။ " ကျိုက်ထီးရိုး တောင်တန်းတစ်လျောက်မှာ သူယောင်မယ်အပင် ရှိတယ်လို့ ကြားရပါတယ်။ ဟုတ်ပါသလား ဒါယကာကြီး "

ဒါယကာ ။ ။ " မကြားမိပါဘုရား၊ ကျမ်းဂန်တွေထဲမှာတော့ ဟိမ၀န္တာတောမှာ ရှိတယ်လို့ဆိုပါတယ်။ တစ်နှစ်မှာ တစ်ကြိမ်သီးတယ်၊ အမျိုးသမီးအသွင် သဏ္ဌာန်နဲ့ တူတယ်လို့ ကြားဖူးတာပဲဘုရား "

အရှင် ။ ။ " ဘယ်လို အသုံးချမလဲ ဒါယကာကြီး "

ဒါယကာ ။ ။ " အင်း - ဆရာသမားတွေ ပြောစကားအရတော့ ရှေးတုန်းက တောရပ်မှီပုဂ္ဂိုလ်တွေဟာ အဲဒီအပင်အောက်မှာ တရားထိုင်ကြတယ်လို့ကြားဖူးပါတယ်။ အသီးမှည့်ကြွေလာရင် တရားတစ်ဆင့်တက်တယ်လို့ ဆိုပါတယ်။ သူယောင်သီးတွေ မှည့်ပြီး ကြွေကျလာရင် လူသေလိုပုပ်စော်နံတယ်လို့ ဆိုပါတယ်။ သူ့ကို အသုဘကမ္မဋ္ဌာန်း ရှုမှတ်ပွားများရာမှာ သုံးတယ်လို့ ကြားသိရပါတယ်ဘုရား "

အရှင် ။ ။ " ဟင် - ဒါဆိုရင် ဘုရားဟောကျမ်းဂန်နဲ့ ညီပါ့မလား၊ ကျမ်းဂန်ထဲမှာ လူသေကောင်လို့ဆိုတယ်လေ "

ဒါယကာ ။ ။ " တောတောင်တွေထဲမှာ လူ အသုဘကောင် လွယ်လွယ်မရနိုင်ဘူးလေ ဘုရာ့။ ရရာ ရုပ်ဓာတ်တစ်ခုခုနဲ့ ရှုမှတ်ရတာပေါ့ ဘုရား "

အရှင် ။ ။ " ဓမ္မလမ်းစဉ်နဲ့တော့ ညီပါတယ်နော် "

ဒါယကာ ။ ။ " မညီပေမယ့် မမှားပါဘူးဘုရား၊ အားလုံးဟာ ဓာတ်လေးပါး အစုအဝေးတွေချည့် မဟုတ်လား "

ဒါယကာကြီး ရှင်းပြတော့လည်း အရှင်လည်း စောဒက မတက်ဝံ့တော့ပါဘူး။ ရင်ထဲမှာ မရှင်းလင်းတာလေတွေလည်း ရှင်းလင်းသွားခဲ့ပါတယ်။ အရှင်က ဒါယကာကြီးရဲ့ နာမည်၊ နေရပ်နဲ့ အသက်ကိုမေးပါတယ်။ ဒါယကာကြီးက မဖြေပါ။ သူ့နာမည်ကို အဘိုးဖြူလို့ပဲ မှတ်ထားပါလို့ ပြောပါတယ်။

အရှင် ။ ။ " ဒါယကာကြီးမှာ ဂါထာကောင်းတွေ၊ ဘာတွေဆောင်ထားတာရှိသလား "

ဒါယကာ ။ ။ " အရှင်ဘုရားရယ် - လူကစွမ်းတာလား၊ ဂါထာက စွမ်းတာလား၊ စဉ်းစားပေါ့၊ လူမကောင်းရင် လူက သီလမလုံခြုံရင် ဘာဂါထာမှ မစွမ်းပါဘူး၊ ယုံကြည်သက်ဝင်မှုရဲ့ အကျိုးတရားဆိုတာကတော့ ခံစားချင် ခံစားရမှာပေါ့ "

အရှင် ။ ။ " ဒါယကာကြီး သက်သတ်လွတ် စားတယ်နော် "

ဒါယကာ ။ ။ " ဟုတ်ပါတယ်ဘုရား "

အရှင် ။ ။ " ရည်ရွယ်ချက်ရှိပါသလား "

ဒါယကာ ။ ။ " မရှိပါဘူး၊ ဈာန်တရား၊ မဂ်တရား၊ ဖိုလ်တရားရဖို့ စားတာလည်းမဟုတ်ဘူး၊ မေတ္တာတရားနဲ့ယှဉ်တဲ့ သနားညှာတာမှုပဲ၊ အစတုန်းက ရည်ရွယ်ချက်မရှိပေမယ့် ရလာတဲ့ အကျိုးတရားကများတယ် အရှင်ဘုရား၊ အကိုက်အခဲ အညောင်းအညာ အနှောင့်အယှက်မရှိ စိတ်ချမ်းသာရပါတယ် "

အဲဒီနောက် ဒါယကာကြီးဟာ အရှင်ကို ဆုတွေပေးပြီး အနောက်ဘက်လမ်းအတိုင်း ဆင်းသွားပါတယ်။ တရားအလုပ်ကို အားထုတ်ရင်း နှင်းထုထဲမှာ အရှင်တစ်ပါးတည်း ကျန်ရစ်ခဲ့ပါတယ်။

#Cd_မြင့်မြတ်သောကမ္ဘာ
 Shared by - ဂန္ဓာရီခရီးသည်

No comments:

Post a Comment