Wednesday, September 28, 2016

အရောင်းအဝယ် အပွင့်အလန်း အလွန်စွမ်းသည့် သူရဿတီအစီအရင်



 ဒီနေ့တင်ပေးမှာက ခေါင်းစဉ်အတိုင်း ``အရောင်းအဝယ် အပွင့်အလန်း အလွန်စွမ်းသည့် သူရဿတီအစီအရင်´´ဖြစ်တယ်...
  ဘာစွမ်းလဲ.... အရောင်းအဝယ်အလွန်ကောင်းတယ်၊လာဘ်လာဘ အလွန်ရွှင်လန်းတယ်၊အလုပ်လုပ်တဲ့သူဆိုရင်ပေါ့လေ...ဘာမှမလုပ်ဘဲ ထိုင်နေတဲ့သူကို ဘယ်လောက်စွမ်းတဲ့အစီအရင်ပေးပေး ငွေဝင်မလာနိုင်ပါဘူး.... အတိတ်ကံကြောင့်ဆိုရင်တော့လည်းတစ်မျိုးပေါ့လေ...
  ပြောချင်တာက အရောင်းအဝယ်၊ကုန်သွယ်မှုစသည်ဖြင့်စီးပွားရေးတစ်ခုခုလုပ်တဲ့သူတွေအတွက် အလွန်အားကိုးယုံကြည်ထိုက်တဲ့ ရှေးလောကီဆရာအစဉ်အဆက် ပညာအမွေပေးကမ်းထားရစ်ခဲ့တဲ့ စီရင်နည်းဖြစ်တယ်...



မယ်တော်သူရဿတီရုပ်ပုံကို မိမိမွေးနံနဲ့ပဉ္စပွတ်သားတွဲထားတဲ့အသားနဲ့ထုရမယ်....
 တနင်္ဂ​နွေသားသမီးဆိုရင် - အောင်မဲဖြူသား
တနင်္လာသားသမီးဆိုရင် - ကသစ်သား
အင်္ဂါသားသမီးဆိုရင် - စွယ်တော်သား
ဗုဒ္ဓဟူးသားသမီးဆိုရင် - ဝင်အူသား
ကြာသပ​တေးသားသမီးဆိုရင် - မင်းကွတ်သား
သောကြာသားသမီးဆိုရင် - သစ်ဆိမ့်သား
စနေသားသမီးဆိုရင် - ဒန့်သလွန်သား
    အဲဒီဖော်ပြထားတဲ့အသားတွေနဲ့ မိမိတို့မွေးနံအလိုက် ထုလုပ်ရမှာဖြစ်တယ်...

ထုလုပ်ပြီးတာနဲ့ မိမိရဲ့မွေးနေ့နံနက် (၉း၄၅)မှာ ဘုရားရှင်ကို ပန်း(၅)မျိုး၊ဆီမီးအလင်းတိုင်(၅)တိုင်၊နံ့သာတိုင်(၅)တိုင်၊သောက်တော်ရေ(၅)ခွက်၊သစ်သီး(၅)မျိုး ကပ်လှူပူဇော်ရမယ်...
 နောက်ပြီးမယ်တော်သူရဿတီကိုရည်စူးပြီးတော့လည်း ပန်း၊ဆီမီး၊ရေချမ်း၊နံ့သာတိုင်၊သစ်သီး စသည်ဖြင့်လှူရမယ်...တစ်ခုရှိတာက ငွေ(၉၀၀)ဖြစ်စေ (၉၀၀၀)ဖြစ်စေ တင်ရမယ်....
 အုန်းသီးတစ်လုံး၊ငှက်ပျောသုံးဖီး၊အောင်သပြေညွန့်၊ကွမ်းယာ၊လက်ဖက် ပါသော ကန်တော့ပွဲတစ်ပွဲလှူ၊ငွေအား၎င်းပွဲထဲထည့်....
   ပြီးရင် သူရဿတီဂါထာပြန်နဲ့(၃၇)အုပ်စုတ်ပြီး သိဒ္ဓိတင်ပေးရမယ်..
ဆောင်သူဟာ အမဲသား၊အရက် ရှောင်ရမယ်....
     သူရဿတီဂါထာပြန်
     **************
  သဗ္ဗေဗုဒ္ဓါနုဘာဝေန၊သဗ္ဗေဓမ္မာနုဘာဝေန၊သဗ္ဗေသံဃာနုဘာဝေန၊တန်ခိုးစသည်၊လျှံပဝင်းပြောင်၊နေမင်းရောင်သို့်၊မှောင်ကိလေသာ၊ပယ်ခွာရှောင်တတ်၊ဣဒ္ဓိပါဒ်ဂုဏ်၊အလုံးစုံကို၊အကုန်ဆောင်တတ်၊ဆေးမြတ်နာမ၊သယဣစ္ဆာ၊တန်ခိုးဖြာလျက်၊ပညာကြီးကြောင်း၊ခြွေရံပေါင်းနှင့်၊သောင်းသောင်းညီညာ၊စောင်မပါဟု၊မဟာကျက်သရေ၊အထွေထွေကို၊အောင်စေယခု၊အောင်ဇေယျတု၊တောင်းပန်ပြုသည်၊ပျိုနုမယ်တော်၊ဘုန်းနန်းပေါ်ကျူးကျော်မန္တန်၊ဂါထာပြန်ဖြင့်၊ရောင်လျှံဖြာဖိတ်၊နတ်တံဆိပ်သို့၊ခပ်နှိပ်ပြီးမှ၊သားပုတ္တသို့၊လေးဝမေတ္တာ၊ဂရုဏာဖြင့်၊ကျွန်ုပ်မှာအား၊သနားကြည်ဖြူ၊ဝန်းရံကူသည်၊ခုမူသိဒ္ဓိပြီးစေသော်ဝ်,မဟာသုခကြီးစေသော်ဝ်,မဟာလာဘကြီးစေသော်ဝ်......
  (မှတ်ချက် ဂါထာအစတွင် ဥုံ ခံ၍လည်း ရွတ်နိုင်သည်)

 ကဲ...သိဒ္ဓိတင်ဂါထာစုတ်ပြီးသွားရင်တော့အမွှေးနံ့သာတွေပက်ဖြန်းပြီးတော့ ဆိုင်မှာဆိုရင်အမြင့်တစ်နေရာရာမှာရိုသေစွာနဲ့ဆောင်ထား...ကုန်မစွံရင်လည်း ရုပ်တု ရေစိမ်ပြီး ကုန်ကိုဖြန်း..ရောင်းထွက်ပါစေ..ဆုတောင်း...
 နောက်နေ့တွေမှာလည်း ဂါထာကို (၉)ခေါက်ရွတ်....
   အလွန်အစွမ်းထက်ပြီး ရှေးကဆရာအစဉ်အဆက်လက်ဆင့်ကမ်းခဲ့တဲ့နည်းကို လောကီပညာအစီအရင်များpage ကနေ ပြီးတော့ အများအကျိုးအတွက်တစ်ဆင့်ပြန်လည်ဖော်ထုတ်ပေးလိုက်ပါတယ်...
  လွတ်လပ်စွာမျှဝေနိုင်ပါတယ်..ခွင့်တောင်းစရာမလိုပါခင်ဗျာ....
             နေလင်းထွန်း
     (ဂမ္ဘီရလောကီ သုတေသီ)      
           ၀၉၇၈၂၉၈၅၄၇၂
   

No comments:

Post a Comment