Tuesday, December 15, 2015

ပြိတ္တာအကြောင်းဗဟုသုတလေး



မကောင်းတာလုပ်ရင် ပြိတ္တာဘ၀မျိုးကို ဖြစ်စေနိုင်ပါတယ်။

ပြိတ္တာတွေကို သာမန်ပုဂ္ဂိုလ်တွေ မမြင်နိုင်ဘူး၊ ထူးခြားတဲ့ အဘိဉာဏ် မျက်စိရှိတဲ့ ပုဂ္ဂိုလ်ထူးများသာ မြင်နိုင်တယ် ။

ဒါ့ကြောင့် ယခုခေတ်သိပ္ပံပညာဖြင့် မတွေ့ရတာနဲ့ ဒီလိုသတ္တ၀ါမျိုး မရှိဘူးလို့ မငြင်းပယ် သင့်ဘူးဆိုတာ နားလည်သင့်ပါတယ်--

မြတ်စွာဘုရားသည် ထိုပြိတ္တာသတ္တ၀ါတွေကို ဗောဓိပင်အောက် ရတနာပလ္လင်ထက်၌ နေတော်မူစဉ် ရှေးအခါကပင် မြင်ခဲ့ပါတယ်။

သို့သော် မယုံကြည်သောသူတို့အား
အကုသိုလ်မဖြစ်ပွားစေရန် အလို့ငှါ ထိုသတ္တ၀ါတွေ အကြောင်းကို မပြောကြားဘဲနေခဲ့ပါတယ်။

အကြောင်းကြုံကြိုက်တဲ့အချိန်ကြမှ အရှင်မဟာမောဂ္ဂလာန် နဲ့ သက်သေရာတည်တော့မှ ထုတ်ဖော်ပြောကြားခဲ့ ပါတယ်။

ပြိတ္တာမျိုးစုံ

အရှင်မဟာမောဂ္ဂလာန် တွေ့ရတဲ့ ပြိတ္တာတွေက အမျိုးစုံပါဘဲ၊
-ကာမေသု မိစ္ဆာစာရကံ ကျူးလွန်ခဲ့လို့ အရေခွံ မရှိဘဲ ဒုက္ခရောက်နေရတဲ့ ပြိတ္တာမကြီးလဲ ပါတယ်၊
-မိစ္ဆာအယူဝါဒကို ဖြန့်ခဲ့လို့ အရုပ်ဆိုးစွာဖြစ်နေတဲ့ နတ်ကတော် ပြိတ္တာမကြီးလဲပါတယ်၊
-ရဟန်းကျင့်ဝတ်တွေ ကောင်းကောင်း မကျင့်ခဲ့လို့ ရဟန်းအသွင် ရဟန်းမိန်းမ အသွင်နဲ့ ဖြစ်နေတဲ့ ပြိတ္တာတွေလဲ ပါတယ်၊
-အဲဒီပြိတ္တာတွေမှာ သင်္ကန်းကလဲ မီးရဲရဲတောက်နေတယ်၊ ကျောင်း အိပ်ရာတွေကလဲ မီးရဲရဲတောက်နေတယ်၊

ဒိပြင်လဲ ပြိတ္တာတွေ တော်တော်များများ ပါသေးတယ်။

အဲဒီပြိတ္တာတွေဟာ ဘူဘ၀တုန်းက မိမိခန္ဓာဝန် ချမ်းသာရေးအတွက် မသင့်မလျော်တာတွေကို ပြုလုပ်ခဲ့ကြလို့ဘဲ၊

ပေတ၀တ္တုမှာ ပြထားတဲ့ ပြိတ္တာတွေ အများကြီးရှိပါသေးတယ်--

ကုမ္ဘဏ္ဍပြိတ္တာ

ကုမ္ဘဏ္ဍပြိတ္တာ ဆိုတာကိုလဲ အရှင်မဟာမောဂ္ဂလာန် တွေ့ရတယ်၊
ကုမ္ဘဆိုတာ ရေအိုး၊ အဏ္ဍ ဆိုတာ လိင်ဥ၊
ရေအိုးကြီးလောက်ကြီးမားတဲ့ လိင်ဥရှိနေတဲ့ ပြိတ္တာကို ကုမ္ဘဏ္ဍပြိတ္တာ လို့ဆိုပါတယ်၊

သူက လူ့ဘ၀တုန်းက ကောက်ကျစ် စဉ်းလဲတဲ့ တရားသူကြီး ဖြစ်ခဲ့တယ်။
ကွယ်ဝှက်ရာမှာ တံစိုး လက်ဆောင် ယူပြီး မတရား စီရင်ဆုံးဖြတ်ခဲ့တယ်၊ အလွန် လေးလံကြီးမားတဲ့ အပြစ်ဒဏ်များကိုလဲ ပေးခဲ့တယ်၊

ဒါ့ကြောင့် သူ့မှာ ဖုံးကွယ်ထားရမည့် အင်္ဂါဟာ မဖုံးကွယ်နိုင်အောင်လဲ ဖြစ်နေတယ်၊ အင်မတန် လေးလံတဲ့ လိင်ဥ၀န်ကြီးကိုလဲ ဆောင်နေရတယ်၊

သွားယင်လဲ အဲဒီလိင်ဥကြီးကို ထမ်းပြီးသွားရသတဲ့ ၊ ထိုင်ယင် အိပ်ယင်လဲ အဲဒီလိင်ဥကြီးပေါ်မှာဘဲ ထိုင်ရ အိပ်ရသတဲ့၊
အဲဒီလို သွားရာ နေရာမှာလဲ လင်းတတွေ ကျီးတွေ စွန်တွေက လိုက်ပြီး ထိုးကြဆိပ်ကြတယ်။

ပြိတ္တာထီးတွေ ရှိသလို ပြိတ္တာမတွေလည်း ရှိနေပါတယ်--

လောဘကြောင့် မတရားစီးပွားရှာ -- ရလာတဲ့ ပစ္စည်းဥစ္စာကို ---ကိုယ်လည်းမစားရက်----သူတစ်ပါးကိုလည်း မပေးရက် ၊ သဒ္ဓါတရားကင်းမဲ့ ၊ မသေခင်က ပြိတ္တာဘ၀ ရောက်နေတဲ့သူတွေကိုလည်း အများအပြား တွေ့ကြုံဘူးကြမှာပါ-- သတိပြုဆင်ခြင်နိုင်ကြပါစေ ။ ။

ဘုရားလက်ထက်တော် ကာလတုန်းက ရာဇဂြိုလ်မြို.မှာ အလေးမမှန် - တောင်းမမှန် စသည်ဖြင့် မတရား စီးပွား ဥစ္စာ စုဆောင်းတဲ့ မိန်းမ လေးယောက်ရှိသတဲ့၊

အဲဒီ မိန်းမ လေးယောက်ဟာ ထောပတ် ၊ ပျားရည်၊ ဆီ၊ စပါး စသည်တို့ကို မတရား ရောင်းဝယ်ပြီး စီးပွားဥစ္စာ စုဆောင်းနေရာက သေဆုံးသွားတဲ့အခါ အဲဒီမြို.ရဲ.အပြင်က ကျုံးဘေးမှာ ပြိတ္တာမတွေ ဖြစ်နေကြတယ်၊

တစ်ညသောအခါမှာ သူတို့ရဲ. ခင်ပွန်းဟောင်းတွေနဲ့ နောက်အိမ်ထောင်သည်တို့က သူတို့ရှာဖွေစုဆောင်း ထားခဲ့တဲ့ စီးပွားဥစ္စာတွေ သုံးဆောင်နေကြပုံနဲ့ သူတို့မှာ ဆင်းရဲဒုက္ခရောက်နေကြရပုံများကို စဉ်းစားပြီး ငိုကြွေးမြည်တမ်းကြပါတယ်၊

-အဲဒီအသံကို ကြားရတဲ့သူတွေက မကောင်းတဲ့ အတိတ်နိမိတ်လို့ ယူဆပြီး အဲဒီနိမိတ်ဆိုးတွေ ပပျောက် အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရဟန်းသံဃာတော်များနှင့် တကွ မြတ်စွာဘုရားကို ပင့်ပြီးဆွမ်းကပ်ကြတယ်။အဲဒီ ကြားရတဲ့ အသံကြောင့် သူတို့မှာ ကြောက်လန့်ကြတဲ့အကြောင်းကိုလဲ လျှောက်ထားကြပါတယ်။

-မြတ်စွာဘုရားက ဥပါသကာတို့….. အဲဒီကြားရတဲ့ အသံကြောင့် သင်တို့မှာ အန္တရာယ် တစုံတရာမျှ မရှိပါ၊ အမှန်စင်စစ်ကတော့ ပြိတ္တာမလေးယောက်တို့ဟာ ဆင်းရဲဒုက္ခ အနှိပ်စက်ခံရတဲ့အတွက် သူတို့ပြုမှားခဲ့တဲ့အမှုကို ပြောကြားပြီး ငိုကြွေးမြည်တမ်းကြခြင်းသာ ဖြစ်တယ်လို့ မိန့်တော်မူပြီး အဲဒီပြိတ္တာမတွေ ငိုပုံကိုလဲ ဟောကြားတော်မူပါတယ်။

သူတို့က မတရားသဖြင့် ပစ္စည်းဥစ္စာတွေကို ခဲခဲယဉ်းယဉ်းနဲ့ စုထားခဲ့ကြတယ်၊ သူတို့ သေသွားတဲ့အခါမှာ သူတို့၏ ခင်ပွန်းတွေက နောက်အိမ်သူ အသစ်တွေနဲ့ အဲဒီ ပစ္စည်းဥစ္စာတွေကို တပျော်တပါး သုံးဆောင်နေကြ တယ်၊ သူတို့မှာတော့ ဒါနကုသိုလ် စသည်တို့ မပြုရက်ပဲ မတရားသဖြင့် ပစ္စည်းရှာခဲ့ကြတဲ့အတွက် ပြိတ္တာဘ၀ ရောက်ပြီး စားသုံးစရာမရှိ ၊ နေထိုင်စရာမရှိ အတိဒုက္ခ ရောက်နေကြရတယ် ဆိုတဲ့အကြောင်း ကို ပြောဆိုပြီး ငိုကြွေးရှာကြတာပဲ၊ တယ်သနားစရာ ကောင်းတာဘဲ။

အဲဒါဟာ လူ့ဘ၀တုန်းက သူတို့ရဲ. ခန္ဓာဝန်ကြီး ကောင်းစားချမ်းသာစေလိုတဲ့အတွက် မတရားသဖြင့် ပစ္စည်းရှာခဲ့ ကြတာဘဲ၊ သေတဲ့အခါကျတော့ သူတို့ရဲ. ရည်ရွယ်ချက်အတိုင်း မဟုတ်ပဲ အလွန်ဆင်းရဲတဲ့ ပြိတ္တာ ခန္ဒာတွေကို ရနေရှာကြတယ်။ သတိပြုစရာလဲ အထူးကောင်းပါတယ်။

မိမိခန္ဓာဝန်ကို ကောင်းစာချမ်းသာအောင် ရှာကြံပြုလုပ်နေရင်း အတိဒုက္ခ ရောက်နေကြတဲ့ အခြားပြိတ္တာတွေ အကြောင်း သာဓက တွေများစွာရှိပါတယ်။

(ရည်ညွှန်း။ မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော၊ ဘာရသုတ္တန်တရားတော်။)
=======================
Credit - ပရလောကရှားပါးမှတ်တမ်းများ
Post by- ဂန္ဓာရီခရီးသည်

No comments:

Post a Comment