၁။သမာဓိထူထောင်ခြင်း
*****************
အာနာပါန ၀င်လေထွက်လေကို
ဝီရိယစိုက် သတိထားပြီး ရှုမှတ်ပါ
သင့်တင့်လျောက်ပတ်သောစိတ်၏တည်ငြိမ်မှုကို
ရလာသည်အထိရှုမှတ်ပါ။
ဤသည်မှာသမာဓိထူထောင်ခြင်းပင်ဖြစ်ပါသည်
သတိဝီရိယအားကောင်းပါက ၁၅ မိနစ်ခန့်
ကောင်းစွာရှုမှတ်လျှင် စိတ်၏တည်ကြည်မှုကို
ရနိုင်ပါသည်။
၂။ခန္ဓာကိုညာဏ်စိုက်ကြည့်ပြီးဖြစ်ပျက်မြင်အောင်ရှုခြင်း
**************************************
စိတ်၏တည်ငြိမ်မှုကိုထူထောင်ပြီးပါက
သမထလမ်း(ဈာန်)လမ်းသို့ဆက်မလိုက်တော့ပဲ
မိမိခန္ဓာကိုညာဏ်စိုက်၍ရှုရပါမည်။
ခန္ဓာတွင်ပေါ်သမျှကို မည်သည့်သဘောရှိပါသလဲဟု
ဂရုစိုက်ပြီးရှုမှတ်ပေးရပါမည်။
ဂရုစိုက်ပြီးစောင့်ကြည့်ပေးရပါမည်။
ဤသို့စောင့်ကြည့်နေခိုက်တွင် အာနာပါနကိုလည်း
သတိမပြတ်ရှုမှတ်နေရင်းမှ စောင့်ကြည့်ပေးနေရပါမည်။
ဤသို့အာနာပါနရှုနှတ်ရင်းခန္ဓာကိုစောင့်ကြည့်သည်ကို
မြတ်စွာဘုရားရှင်က နွားသားအမိနှင့်ဥပမာပြဟောကြား
တော်မူထားပါသည်။
စားကျက်တွင် ကြိုးချည်လှန်ထားသော နွားမကြီးသည်
မျက်စားနေရင်းမှ မိမိ၏နွားသားပေါက်ကလေးကို
လှမ်းလှမ်းပြီးစောင့်ကြည့်လေ၏။
မိမိမျက်စားသည်ကိုလဲ မပျက်စေပဲ
ခုန်ပေါက်မြူးတူးနေသော နွားသားငယ်လေးကိုလည်း
မပြတ်အကဲခတ်ပြီးစောင့်ကြည့်နေပြီး
အဝေးရောက်သွားလျှင် မိခင်အသံပေးပြီးအနီးသို့
ပြန်လာစေပါသည်။
ဤဥပမာကဲ့သို့ပင်
အာနာပါနကိုသတိကပ်ရှုမှတ်ရင်းမှ
ခန္ဓာတွင်မည်သို့သောသဘောရှိသည်ကိုစောင့်ကြည့်
ပေးနေရပါမည်။
ခန္ဓာတွင်ပေါ်ပေါက်လာသော
အာရုံမှန်သမျှတို့ကို သတိထားစောင့်ကြည့်ရင်း
မိမိညာဏ်တွင်ထင်မြင်လာသည်ကို
မည်သို့သောသဘောရှိသည်ကို စူးစမ်းရှုမှတ်ရပါမည်။
ဤသို့စမ်းရှုမှတ်သောအခါ မိမိညာဏ်တွင်ထင်မြင်
လာသမျှသောအာရုံတို့သည် ဖြစ်ပေါ်လာပြီး
ပျောက်ပျောက်သွားကြသည်ကိုမြင်တွေ့လာရ
ပါလိမ့်မည်။
ဤသို့ဖြစ်ပြီး ပျက်သွားသောသဘောကိုမြင်တွေ့ပြီ
ဆိုပါက ဝိပဿနာဘာဝနာအဆင့်ရောက်ပါပြီ။
ဥပမာအားဖြင့်
အာနာပါနရှုမှတ်ရင်း ခန္ဓာကိုအကဲခတ်နေရာမှ
နာကျဉ်ကိုက်ခဲသောဝေဒနာတစ်ခုပေါ်လာသည်
ဆိုကြပါစို့။
၎င်းဝေဒနာကို စူးစိုက်ရှုမှတ်လျှင် ဝေဒနာမှာ
ညာဏ်အောက်တွင် ရှုမှတ်နေရင်းမှပျောက်ကွယ်
သွားသည်ကိုတွေ့ရပါလိမ့်မည်။
ယားယံသောစိတ်ကလေးပေါ်လာပါက
၎င်းစိတ်ကလေးကို ရှုမှတ်ပေးပါ
ဖြစ်ပြီးပျက်သွားသည်ကိုတွေ့လာရပါမည်။
ဤသို့ဖြစ်ပြီးပျက်ခြင်းကိုမြင်လာပြီဆိုလျှင်
ဝိပဿနာဘာဝနာဖြစ်ပါပြီ။
အကယ်၍ ညာဏ်တွင်မည်သည့်အာရုံမှ
ထင်မြင်မလာပါက အာနာပါနကိုပြန်ပြီး
ရှုမှတ်ရပါမည်။
ထို့ကြောင့်အတိုအရှင်းဆုံးဆိုရပါလျှင်
၁။အာနာပါနရှုရင်းသမာဓိထူထောင်ပါ
၂။ပေါ်သမျှအာရုံကိုဖြစ်ပျက်တင်ရှုပါ
ဤနှစ်ချက်ကိုသာ အလွယ်ကူဆုံးနှင့်
အရိုးရှင်းဆုံး ကြိုးစားအားထုတ်သွားပါက
ညာဏ်ရည်သည်ထက်သည်ထက်ထက်လာပြီး
ဝိပဿနာပါညာဏ်သည် အလိုလိုရင့်သန်
ထက်မြက်လာပြီး တစ်ဆင့်ခြင်းတစ်ဆင့်ခြင်း
တက်လာသည်ကို တွေ့မြင်လာရပါလိမ့်မည်။
ရှုမှတ်လေလေ ညာဏ်ရည်ထက်လာလေလေ
ညာဏ်စဉ်တက်လာလေလေဖြစ်ပြီး
နောက်ဆုံးတွင် မဂ်ညာဏ် ဖိုလ်ညာဏ်ဖြင့်
နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်ပါလိမ့်မည်။
မိမိအဓိကထားဆောင်ရွက်ရမည်မှာ
ပေါ်လာသမျှကိုဖြစ်ပျက်တင်ရှုမှတ်နေရန်သာ
ဖြစ်ပါကြောင်း.........။
ဝိပဿနာမရှုမှတ်မှီရှေ့အဖို့ပြုဘွယ်ကိစ္စများ
*******************************
၁။သစ္စာလေးပါးနှင့်ယှဉ်အပ်သောတရားတော်များကို
. နာကြားထားရပါမည်။
၂။ခန္ဓာ့ပဋိစ္စသမုပ္ပာဒ်တရားတော်များကိုနာကြားပြီး
. သုညတညာဏ်ရအောင် နှလုံးသွင်းထားနိုင်ရပါမည်
၃။ရတနာသုံးပါးအား ဝန်ချကန်တော့ရပါမည်။
၎။ခင်ပွန်းကြီူဆယ်ပါးအား ၀န်ချတောင်းပန်ထား
. ရပါမည်။
၅။ငါးပါးသီလခံယူဆောက်တည်ထားရပါမည်။
၆။မိမိခန္ဓာအားရတနာမြတ်သုံးပါးနှင့်မိဘဆရာသမား
. တို့အားလှူဒါန်းထားရပါမည်။
ရ။မိမိတရားထိုင်ရာနေရာဌာနမှ နတ်မြတ် နတ်ကောင်း
. တို့အား မေတ္တာပေးပို့ထားရပါမည်။
ဤအချက်တို့ပြည့်စုံပြီး ဖြစ်ပျက်မြင်အောင်ရှုမှတ်
နိုင်ပါက ဤဘဝတွင်ပင် မလွဲမသွေ သောတာပန်
အရိယာဖြစ်နိုင်ပါကြောင်း တင်ပြရေးသားအပ်ပါသည်။
.
ရတနာမြတ်သုံးပါးကိုထာဝရဦးထိပ်ထားလျှက်.
.
. သစ္စာနီ(Uht Tun)
ရှင်းလင်းချက်
***********
၁။အာနာပါနရှုမှတ်ရင်း ခန္ဓာငါးပါးအပေါ်
ဖြစ်ပျက်တင်ရှုမှတ်သွားရင်းက သတိပဌာန်လေးပါး
ကိုအလိုလိုရှုမှတ်ပြီးဖြစ်သွားပါလိမ့်မည်။
သတိပဌာန်လေးပါးအလိုလိုပြည့်စုံသွားပြီး
မိမိစရိုက်နှင့်လိုက်လျောညီထွေသည့် သတိပဌာန်ကို
ညာဏ်ကအလိုလိုရွေးချယ်သွားပါလိမ့်မည်။
၂။ဤသို့ရှုမှတ်ပွားမျာနေည့်ကာလအတွင်း
ဆောက်တည်ထားအပ်သောသီလနှင့်
အားထုတ်ဆဲကာလတွင် လွန်ကျူးစရာမရီသောကြောင့်၎င်း သီလဝိသုဒ္ဓိကိုအောင်မြင်ပြီးဖြစ်၏။
၃။သတိပဌာန်ပြီးမြောက်ရခြင်းမှာ
သမာဓိကိုထူထောင်နိုင်သောကြောင့်ဖြစ်ပေရာ
သမာဓိအရာများဖြစ်သောသမ္ဗောဇ္ဈင် ၇ ပါးကိုပါ
အလိုလိုပွားများပြီးမြောက်စေရာ၏။
၎။ ရှုမှတ်ဆဲကာလတွင်
သမ္မာသတိမဂ္ဂင်
သမ္မာဝါယမမဂ္ဂင်
သမ္မာသမာဓိမဂ္ဂင်စသည့် သမာဓိမဂ္ဂင်သုံးပါးသာမက
ဖြစ်ပြီးပျက်သွားသည့်အရှိမှန်ကိုအသိမှန်ဖြင့်မြင်သိ
စေသော သမ္မာသင်္ကပ္ပမဂ္ဂင်နှင့် သမ္မာဒိဌိမဂ္ဂင် စသည့်
ပညာ့မဂ္ဂင် နှစ်ပါးပါပြည့်စုံပြီးဖြစ်သောကြောင့်
ဝိပဿနာရှုညာဏ်ပြည့်စုံပြီးဖြစ်ပါသည်။
၅။ခန္ဓာကိုစောင့်ကြည့်ရာတွင်ပေါ်ရာအာရုံကိုရှုရသောကြောင့် ခန္ဓာငါးပါးလုံးပါဝင်ပြီးဖြစ်၏။
.
ကျမ်းကိုး
ပထမလယ်တီဆရာတော်ဘုရားကြီး၏
အာနာပါနဒီပတီ
မိုးကုတ်ဆရာတော်ဘုရားကြီး၏တရားစဉ်များ
သာဓုပါဘုရား
ReplyDelete